ဒေါ့ဖုန်းယန်        စက်တင်ဘာ        ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၃၂ ဦးအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ငွေများကို အဘိုးအဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား သုံးဦးနှင့် ကျေးရွာများမှ သက်ကြီးဘိုးဘွား ၂၉ ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင် ၁၀၀၀၀ နှုန်းဖြင့် သုံးလ တစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဒေါ့ဖုန်းယန်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၆၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်စိုး(ပြန်/ဆက်)