ခင်ဦး စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာအုပ်စု၊ တမုတ်ကျေးရွာတွင် စက်တင်ဘာ ၂၅ ရက်က ကြံစိုက်တောင်သူ ဦးကြည်နှင်း၏ ကြံစိုက်ခင်းတွင် ကြံရွက်ခြောက်ဖြင့် EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများက လက်တွေ့ကွင်းဆင်း သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
မြေဆွေးပုံပြုလုပ်ရာတွင် EM ဘိုကာရှီ တစ်လီတာ၊ တင်းလဲရည် တစ်လီတာကို ရေဂါလန် ၂၀ ဖြင့် ဖော်စပ်ပြီး ကြံရွက်ခြောက် တစ်ပုံစာအတွက် အသုံးပြုရသည်။ ကြံရွက်ခြောက် EM ဘိုကာရှီ တစ်ပုံပြုလုပ်ရာတွင် အလျား ခြောက်ပေ၊ အနံ လေးပေ၊ အမြင့် သုံးပေထိရောက်အောင် ခြောက်လက်မထု တစ်လွှာချင်းစီကို ဖွဲနု၊ နွားချေးခြောက်မှုန့်တို့ဖြူးပြီး EM ဘိုကာရှီ ဖျော်ရည်ကို ရွှဲနေအောင် လောင်းပေးရသည်။ ပြီးနောက် ရေရွှဲအောင်လောင်းပြီး ပလတ်စတစ်ဖြင့် လုံအောင်ဖုံးအုပ်ပေးထား၍ သုံးရက် လေးရက်ကြာလျှင် ပလတ်စတစ်အောက်သို့ လက်ဖြင့် စမ်းကြည့်ပါက ပူနေလျှင် ရေထပ်မံလောင်းပေး၍ ပလတ်စတစ်ကို လုံအောင် ပြန်ဖုံးအုပ်ပေးရသည်။ မြေဆွေးပုံ တစ်လမှ တစ်လခွဲ ကြာလျှင် စတင်အသုံးပြု၍ရပြီး တစ်ဧကလျှင် မြေဆွေးပုံ ငါးပုံမှ ခုနစ်ပုံအထိ ထည့်သွင်းအသုံးပြုနိုင်ကြောင်း သိရသည်။
မြေဆွေးပုံကို နှစ်စဉ်ပြုလုပ်သုံးစွဲသွားပါက မြေဆီလွှာ အာဟာရဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး သီးနှံအထွက် တိုးနှုန်း မြင့်တက်လာမှာဖြစ်ကြောင်း၊ ကြံရွက်ခြောက်တွင် နိုက်ထရိုဂျင် ၀ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဖော့စပရစ် ၀ ဒသမ ၁၃ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၀ ဒသမ ၆၅ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ ခင်ဦးမြို့နယ်တွင် ကြံအခင်းသစ် ၄၃၉ ဧက၊ ကြံလမိုင်း ၇၇၆၀ ဧက စုစုပေါင်း ၈၁၉၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)