mdn

ချင်းရွှေဟော်        စက်တင်ဘာ        ၂၆

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ထူထားရှိသည့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ် ကျောက်တိုင်အမှတ် BP 141၊ BP 142 နှင့် BP 142-1 တို့အား ချင်းရွှေဟော်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေခံတပ်ရင်းနှင့် နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ စက်တင်ဘာ ၂၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် တရုတ်နိုင်ငံဘက်မှ စိုက်ထူကာရံထားသည့် ရှောက်ကန်းထန်ကျေးရွာအနီးရှိ အမြင့် သုံးပေ၊ အလျား တစ်ပေ၊ အနံ ရှစ်လက်မရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် BP- 141၊ ရှီမင်ခန် ကျေးရွာအနီးရှိ အမြင့် နှစ်ပေ ၁၀ လက်မ၊ အလျား တစ်ပေ၊ အနံ ရှစ်လက်မရှိ နယ်နိမိတ်မှတ်တိုင် အမှတ် BP-142 နှင့် အမြင့် နှစ်ပေ ကိုးလက်မ၊ အလျား တစ်ပေ၊ အနံ ရှစ်လက်မရှိ နယ်နိမိတ် မှတ်တိုင်အမှတ် BP- 142-1  များကို စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် BP 142-1 ကျောက်တိုင်အားစစ်ဆေးရာ၌ တောင်ကုန်းမြေပုံ အမှတ် ၈၁၁၀၄၁ မှ ၈၀၄၀၃၂ ထိ အလူမီနီယံ ဟော်လိုတိုင် ၄၂၀၊ ၁၂၆၂ မီတာခန့်အား ဘလိတ်ဓား သံဆူးကြိုးခွေ ရှစ်တန်းဖြင့် နယ်နိမိတ် ကျောက်တိုင် BP -142-1 နှင့် တစ်တန်းတည်း ကာရံထားရှိပြီး တောင်ကုန်းမြေပုံအမှတ်- ၈၀၄၀၃၂ မှ ၈၀၂၀၃၁ ထိ အလူမီနီယံ ဟော်လိုတိုင် ၆၃ တိုင်၊ ၁၉၀ မီတာခန့်အား စိုက်ထူထားကာ တောင်ကုန်း မြေပုံအမှတ် ၈၀၂၀၃၁ မှ ၈၀၁၀၃၀ ထိ သုံးပေပတ်လည် မြေကျင်း ၄၂ ကျင်း ၁၄၀ မီတာခန့်အား နယ်နိမိတ်မျဉ်းပေါ်တွင် ဆောင်ရွက်ထား၍ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် ၁၀ မီတာအတွင်း ဝင်ရောက်ဆောင်ရွက်ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းဧရိယာအား အရပ်ဘက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ကန့်ကွက်သွားမည် ဖြစ်သည်။

နယ်နိမိတ်ကျောက်တိုင် BP-142-1 ခြံစည်းရိုးကာရံထားမှုအား စက်တင်ဘာ ၂၁ ရက်က နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့စဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း ၁၀ မီတာအတွင်း လွတ်ကင်းသော်လည်း ယခုအရပ်ဘက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံစစ်ဆေးစဉ် ယခင်ကာရံထားရှိသည့် ခြံစည်းရိုးများအား ပြန်လည်ဖြုတ်ယူပြီး နေရာရွှေ့၍ နယ်စပ်ကျောက်တိုင်နှင့် တစ်တန်းတည်း ကာရံထားကြောင်း စိစစ်တွေ့ရသဖြင့် ကန့်ကွက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)