mdn

ပခုက္ကူ        စက်တင်ဘာ        ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့ နေရသည့် ကျွန်းညိုရွာသစ်ကျေးရွာရှိ ပြည်သူများအတွက် ဒေသခံအရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းပြီး စက်တင်ဘာ ၂၅ ရက်က  စားနပ်ရိက္ခာနှင့် ကျန်းမာရေးသုံးပစ္စည်းများ စုပေါင်းထောက်ပံ့ လှူဒါန်းခဲ့သည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး စက်တင်ဘာ ၂၂ ရက်၌ ပြောင်းရွှေ့နေထိုင်ရသည့် ပခုက္ကူမြို့နယ်၊ ကျွန်းညို ရွာသစ်ကျေးရွာရှိ အိမ်ခြေ ၄၂ စုနှင့် လူဦးရေ ၁၇၂ ဦးတို့အတွက် ပခုက္ကူမြို့၊ မျိုးသန့် Mobile Phone အရောင်းဆိုင်၊ MPT Sim Card ဖြန့်ချိရေးနှင့် ကုန်ပစ္စည်းမျိုးစုံ ဖြန့်ချိရေးလုပ်ငန်းစုတို့၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ အိမ်ခြေတစ်ခုလျှင် ဆန်သုံးပြည်၊ ကြက်ဥ ၁၀ လုံး၊ ဆီ ၂၅ ကျပ်သား၊ ဆား ၂၅ ကျပ်သားနှင့် ဘီစကစ်မုန့် တစ်ထုပ်၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ၅၀ ခုပါ တစ်ထုပ်၊ လက်သန့်ဆေးရည် တစ်ဘူး၊ ဆပ်ပြာတစ်ခဲ၊ အချိုရည်ဘူးကြီး တစ်ဘူးတို့ကို လှူဒါန်းခဲ့သည်။

ပခုက္ကူမြို့နယ်၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် အိမ်ခြေ ၁၈၀၊ အိမ်ထောင်စု ၁၉၂ စုနှင့် လူဦးရေ ၈၀၀ ရှိပြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၄၂ အိမ်ရှိ ပြည်သူ ၁၇၂ ဦးတို့မှာ နေအိမ်များ ကြိုတင်ဖျက်သိမ်းပြီး ရေလွတ်ရာနေရာသို့ ယာယီပြောင်းရွှေ့ရကြောင်း၊ ထိုသို့ယာယီပြောင်းရွှေ့ရသည့် ရေဘေးသင့်ပြည်သူ ၁၇၂ ဦးတို့မှာ နီးစပ်ရာဆွေမျိုး နေအိမ်တွင်သာ မှီခိုနေထိုင်ကြရကြောင်း၊ ပြောင်းရွှေ့ရသည့် လူနေအိမ်များတွက် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တစ်အိမ်လျှင် ငွေကျပ် တစ်သိန်း၊ ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး တစ်ပတ်စာ ငွေကျပ်၂၁၀၀ နှုန်း တို့ဖြင့် စက်တင်ဘာ ၂၅ရက်တွင် လာရောက်ထောက်ပံ့ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်သန်း၏ ပြောပြချက်အရ သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)