မင်းဘူး စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၊ မန်းချောင်းအထက်ပိုင်းရှိ ဒေသများတွင် ယခုရက်ပိုင်း မိုးများစွာ ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက မန်းချောင်းရေများ ထပ်မံတိုးမြင့်လာပြီး မန်းရွှေစက်တော်ဘုရား အောက်ခြေတော်ရာ ရင်ပြင်အထက် တစ်ပေခန့်မှ ဖြတ်သန်းစီးဆင်းလျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မန်းချောင်းအထက်ပိုင်းရှိ ဒေသများ၌ မိုးများရွာသွန်းခဲ့မှုကြောင့် ပန်းထိမ်း မန်းချောင်း၊ ငဖဲ မန်းချောင်း၊ ပင်ဦးကျေးရွာနှင့် ကံသာကျေးရွာကြားရှိ ပစီချောင်းတို့မှ မန်းချောင်းရေများ တိုက်ရိုက်ဖြတ်သန်း စီးဆင်းခြင်း တို့ကြောင့် ရွှေစက်တော် မန်းချောင်းအတွင်း မန်းချောင်းရေတိုးခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် အထက်မန်းတမံ ရေပိုလွှဲမှလည်း ဆည်ရေကျော်ကျခြင်းများကြောင့် မန်းချောင်းရေ ထပ်မံတိုးမြင့်လာခြင်းဖြစ်ပြီး နောက်ရက်များတွင်လည်း မန်းချောင်းရေ ထပ်မံတိုးမြင့် လာနိုင်ဖွယ်ရှိကြောင်း၊ မန်းချောင်းရေကျချိန်တွင် အောက်ခြေတော်ရာ ရင်ပြင်တော်အပေါ်၌ ရေစီးနှင့် အတူမျောပါလာသော အမှိုက်သရိုက်များနှင့် နုန်းမြေများကို ဆယ်ယူရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ကျန်းမာသန့်ရှင်းတာဝန်ခံ ဦးမြင့်နိုင်(ငဖဲ)က ပြောပြသည်။
ယခုနှစ်မိုးရာသီအတွင်း ဩဂုတ် ၅ ရက်က နှစ်ပေခွဲခန့် တစ်ကြိမ်နှင့် ယခုတစ်ကြိမ် အပါအဝင် နှစ်ကြိမ်တိုင်တိုင် ရင်ပြင်တော်ပေါ်သို့ ဖြတ်ကျော်စီးဆင်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)