တန့်ယန်း         စက်တင်ဘာ     ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဟုန်းတောက်၊ ခိုယောင်း၊ ပန်မိုက်ဟုန်း၊ ခိုင်ယောင်း(တောင်)စသည့် ကျေးရွာ လေးရွာ၌ ယခု ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ မွမ်းမံရန်ပုံငွေဖြင့် အိမ်တိုင်ရာရောက် ရေရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဝန်ထမ်းများက ကျေးရွာ ရေကော်မတီဝင်များနှင့်အတူ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ခိုယောင်းကျေးရွာအုပ်စု ဟုန်းတောက်၊ ခိုယောင်း၊ ပန်မိုက်ဟုန်း၊ ခိုင်ယောင်း(တောင်)စသည့် ကျေးရွာလေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေးအတွက် ရေပိုက်လိုင်း အရှည် ၅ မိုင် ၇ ဖာလုံ သွယ်တန်းခြင်းကို ရှမ်းပြည်နယ်အစိုးရ၏ မွမ်းမံရန်ပုံငွေဖြင့် ဝယ်ယူထားသော နှစ်လက်မ ရေပိုက် ၁၉၃၀ လုံးအား ထောက်ပံ့၍လည်းကောင်း၊ လိုအပ်သည့် ရေမီတာ၊ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ၊ ရေပိုက်လိုင်း တူးဖော်ခြင်းလုပ်ငန်းများအား ကျေးရွာနေပြည်သူများက ငွေအားလုပ်အားထည့်ဝင်၍ လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာလေးရွာရှိ အိမ်ခြေ ၁၃၁ အိမ်၊ လူဦးရေ ၆၆၆ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိနေပြီဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ကျော်ဦး