မကွေး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီက မကွေး၊ ပခုက္ကူ၊ သရက်နှင့် အောင်လံမြို့တို့တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မကွေးမြို့အနေဖြင့် တိုင်းဒေသကြီးမြို့တော်ဖြစ် သည်နှင့်အညီ မြို့တွင်းလမ်းများ ကောင်းမွန်ရေး၊ မြို့ရေစီးရေလာစနစ်ကောင်းမွန်ရေး၊ အဓိကကျတဲ့ မြို့တွင်းလမ်းများအား နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး၊ ရပ်ကွက် လမ်းသွယ်များကိုလည်း စည်ပင်နှင့် ပြည်သူ ပူးပေါင်း၍ ကွန်ကရစ်လမ်းများအဖြစ် လုပ်ဆောင်နိုင်ရေး စီမံကိန်းများ ရေးဆွဲချမှတ်ကာ ဆောင်ရွက်ရမှာဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က မြို့ပြဘက်စုံ ဖွံ့ဖြိုးတိုးတက် သာယာလှပရေးအတွက် အကြံပြုဆွေးနွေးတင်ပြပြီး၊ မကွေး၊ ပခုက္ကူ၊ သရက်နှင့် အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့များမှ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားစီမံချက်များ တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)