မန့်ဟီးရိုး စက်တင်ဘာ ၃၀

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်   ကလေးငယ်များအတွက် ထောက်ပံ့ငွေများကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးငယ်များ သေဆုံးနှုန်း လျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်၊ အသက်အရွယ် ကြီးရင့်လာသည့် အချိန်တွင် နာတာရှည်ရောဂါဖြစ်ပွားမှု လျော့ကျစေရန်၊ မိသားစုစီးပွားရေး ထိခိုက်မှု လျော့နည်းသက်သာစေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်း ရတနာများ ပေါ်ထွန်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပြီး နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် တစ်ဦးလျှင် တစ်လ ကျပ် ၁၅၀၀၀ နှုန်းဖြင့် သုံးလစာအတွက် စုစုပေါင်း ငွေကျပ် ၄၅၀၀၀ ကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မန့်ဟီးရိုးမြို့၊ ရပ်ကွက် (၃) အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) အောက်ကလေးငယ် (၅) ဦးတို့အတွက် ငွေကျပ် ၂၂၅၀၀၀ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးဝန်ထမ်းတို့မှ အိမ်တိုင်ရာရောက် သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် စက်တင်ဘာ ၂၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

 

စန္ဒာ