ဝါးခယ်မ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထက်ပေကုန်း ကျေးရွာတွင် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းပါးအနီးရှိ နေအိမ် (၅) လုံး ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား (၃၅) ပေ၊ အနံ ပေ (၂၀) ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သော နေအိမ် (၅) လုံးနှင့် မိသားစုဝင် အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၁၅) ဦး၊ စုစုပေါင်း (၂၅) ဦးတို့အား ရွှေလောင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

အထက်ပေကုန်း ကျေးရွာအုပ်စုတွင် အထက်ပေကုန်းကျေးရွာ (၁) ရွာတည်ရှိပြီး အိမ်ခြေ (၅၇၈) လုံး၊ အိမ်ထောင်စု (၅၈၂) စု၊ လူဦးရေ အမျိုးသား (၁၂၄၁) ဦး၊ အမျိုးသမီး (၁၂၇၈) ဦး၊ စုစုပေါင်း (၂၅၁၉) ဦးတို့ နေထိုင်ကြောင်းနှင့် ၎င်းကျေးရွာအုပ်စုသည် ရွှေလောင်းမြစ်ကမ်းပါး အနီးတွင် တည်ရှိသောကြောင့် အလားတူ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရသည်။
စောသန္တာဦး (ဝါးခယ်မ ပြန်/ဆက်)