ဘားအံ စက်တင်ဘာ ၃၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မင်းလက်ပံကျေးရွာတွင် ကျေးရွာနေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာစီမံကိန်း အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြဝတီမြို့နယ် မင်းလက်ပံကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံကာ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ ပိုမိုအောင်မြင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မင်းလက်ပံကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်က စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အခြား သက်မွေးဝမ်းကျောင်းလုပ်ငန်း စုစုပေါင်း အသင်းသား ၃၀၃ ဦးကို စီမံကိန်းရန်ပုံငွေ ကျပ် ၄၁၅ သိန်း ထုတ်ချေးပေးထားကြောင်း၊ စီမံကိန်းကာလ ခုနစ်နှစ်အတွင်း အတိုးရငွေများအနက်မှ ငွေကျပ်သိန်း ၅၀၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၉၀ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ဖြင့် ကျေးရွာ မီးသင်္ဂြိုလ်စက် (၁) လုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်ထံမှ သိရသည်။

 

သန်းလွင်(မကွေး)