မကွေး စက်တင်ဘာ ၃၀

 

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၁) ကို စက်တင်ဘာ ၃၀ ရက် ယနေ့နံနက် ၉ နာရီ က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု လုံးဝပပျောက်သည်အထိ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခုအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် လျာထားထိုးနှံမှုအရ ၉၆ ဒသမ ၆၆ ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ကော်မတီများအနေဖြင့် ဆက်လက်ပြီး စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအား အရှိအဟုန်မပျက် ပိုမိုလုပ်ဆောင် သွားကြရမှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကိုဗစ်-၁၉ ရာဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျှော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ(မကွေး)