ကျိုင်းတုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်၊ ရွှေထီးတော် တင်လှူနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်းစည်းဝေးကို စက်တင်ဘာ ၃၀ ရက်က ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး (ကျိုင်းတုံ) ၌ ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အမြန်ဆုံး လျှော့ချနိုင်ရေးတွက် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ် (၁၀၀) ပြည့် ရွှေထီးတော်သစ် တင်လှူ ပူဇော်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြပြီး မဟာမြတ်မုနိဘုရား နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ထီးတော်တင်လှူ ပူဇော်နိုင်ရေး နာယကအဖွဲ့၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက ထီးတော်သစ်တင်လှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရွှေထီးတော်သစ် တင်လှူပူဇော်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)