တန့်ယန်း အောက်တိုဘာ ၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာ၌ ယခုဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ မွမ်းမံရန်ပုံငွေဖြင့်  အိမ်တိုင်ရာရောက် ရေရှိရေး လုပ်ငန်းများကို ယခုနှစ် စက်တင်ဘာလ ပထမအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

တန့်ယန်းမြို့နယ်၊ ခိုယောင်းကျေးရွာအုပ်စု ဟုန်းတောက်၊ ခိုယောင်း၊ ပန်မိုက်ဟုန်း၊ ခိုင်ယောင်း (တောင်) စသည့် ကျေးရွာလေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေးအတွက် ရေပိုက်လိုင်းအရှည် ၅ မိုင် ၇ ဖာလုံ သွယ်တန်းခြင်းကို ရှမ်းပြည်နယ်အစိုးရ၏ မွမ်းမံရန်ပုံငွေဖြင့် ဝယ်ယူထားသော နှစ်လက်မရေပိုက် ၁၉၃၀ လုံးအား ထောက်ပံ့၍ လည်းကောင်း၊ လိုအပ်သည့် ရေမီတာ၊ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ၊ ရေပိုက်လိုင်း တူးဖော်ခြင်း လုပ်ငန်းများအား ကျေးရွာနေပြည်သူများမှ ငွေအားလုပ်အား ထည့်ဝင်၍လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊  တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ပြောပြ၍ သိရသည်။

mdn

 

အဆိုပါကျေးရွာလေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေးအတွက် ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေမီတာ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာလေးရွာရှိ အိမ်ခြေ ၁၃၁ အိမ်၊ လူဦးရေ ၆၆၆ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာ ရရှိနေပြီဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

သန်းလွင်(မကွေး)