ကသာ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ မင်းပြည်သူဘိုးဘွားရိပ်သာ၌ ခရိုင်ကျန်းမာရေးဌာနမှ အောက်တိုဘာ (၁)ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာ(၁)ရက် နံနက်ပိုင်းက ဘိုးဘွားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကသာမြို့ မင်းပြည်သူဘိုးဘွားရိပ်သာတွင် ဘိုးဘွား (၂၅)ဦးရှိပြီး ကသာခရိုင်ပြည်သူ့ ဆေးရုံမှ ခရိုင်ဆရာဝန်ကြီး ဒေါက်တာစိုးသူအန်းနှင့် ဝန်ထမ်းများက အဆိုပါဘိုးဘွားများအား သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ဆီးချိုသွေးချိုရောဂါစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေမှုကို ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းနှင့် တာဝန်ရှိသူများကလည်း ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ကသာမြို့ မင်းပြည်သူဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြက်ဥနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask)၊ လက်သန့်ဆေးဘူးနှင့် ထောက်ပံ့ငွေများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)