ရပ်စောက် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းအမြန်ဆုံး လျော့ချနိုင်ရေးအတွက် ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသည့် ဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ရပ်စောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသည့် ဈေးသည် (၁၅၅)ဦးအား PCR စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ စစ်ဆေးပေးခဲ့ရာ (၁)ဦးသာ ပိုးတွေ့ရှိ၍ အဆိုပါပိုးတွေ့ရှိသူအား တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် အောက်တိုဘာ (၁)ရက်အထိ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ စုစုပေါင်း (၂၀၀၈)ဦး၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း(၁၇၂၅)ဦး၊ သေဆုံးလူနာစုစုပေါင်း (၃၄)ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိသူ စုစုပေါင်း (၂၄၁)ဦး ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)