ကျောက်ဆည် အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ ပုသိမ်ကြီးမြို့နယ်များရှိ ကျေးရွာ ၇၈ ရွာတွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ်သိန်း ၇၈၀၀၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ်မှ ကျေးရွာ ၁၅ရွာ၊ စဉ့်ကိုင်မြို့နယ်မှ ကျေးရွာ ၁၅ရွာ၊ တံတားဦးမြို့နယ်မှ ကျေးရွာ ၁၉ရွာ၊ မြစ်သားမြို့နယ်မှ ကျေးရွာ ၁၅ရွာ၊ ပုသိမ်ကြီးမြို့နယ်မှ ကျေးရွာ ၁၄ရွာ၊ စုစုပေါင်းကျေးရွာ ၇၈ရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ၇၃ခု၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း သုံးခု၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း တစ်ခု၊ စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၇၈ခုတို့ကို ၂၀၂၀- ၂၀၂၁ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၇၈၀၀၊ ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေကျပ်သိန်း ၅၀၀၀ ကျော်ဖြင့် ကျေးရွာပြည်သူ လူထုကိုယ်တိုင် ယခုနှစ်ဇန်နဝါရီလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်းက Pilot Project အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၂၉၁ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်စဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့် ကပြောပြခဲ့သည်။
ငြိမ်းသူ