မြိတ် အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (၂၀၂၁-၂၂) ကာလတို ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်သိန်း(၄၀၀)ဖြင့် မြိတ်မြို့နယ် ကျေးရွာ(၄)ရွာ၌ ကျေးရွာလူထု ကိုယ်တိုင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျေးရွာတစ်ရွာကို သိန်း(၁၀၀)ကျပ် ထောက်ပံ့ပေးပြီးတော့ ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်တဲ့ လုပ်ငန်းစီမံကိန်းဖြစ်ပါတယ်။ ကျေးရွာလူထုကိုကော်မတီဖွဲ့ပေးပြီး သင်တန်းတွေပေးပါတယ်။ ကော်မတီက ကျေး ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါ လုပ်ငန်းအရည်အသွေးပြည့်မီအောင် ကြီးကြပ်ပေးပါတယ်။ ကျေးရွာ ရေပေးဝေရေးနှင့် ရွာတွင်းလမ်းတွေ ဆောင်ရွက်မယ့်ရွာတွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦး က ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၃၀)ခုနှစ်တွင် ကျေးရွာများ ရေရရှိရေးနှင့်ရေပေးဝေ ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရန် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကျေးရွာရေပေးဝေရေးနှင့် ရွာတွင်းလမ်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို (၂၀၁၇-၁၈) ဘဏ္ဍာရေးနှစ်မှစတင်ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး မြိတ်မြို့နယ်၌ ကျေးရွာစုစုပေါင်း(၄၂)ရွာတွင် စီမံကိန်းဘဏ္ဍာ ရန်ပုံငွေဖြင့် ကျေးရွာလူထုများကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၁-၂၂) ကာလတို ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် သိန်း (၄၀၀)ဖြင့် မြိတ်မြို့နယ်တွင် ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာကို အောက်တိုဘာ ၁ ရက်က မြို့နယ်စုပေါင်းရုံးအစည်းအဝေး ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် ကျေးရွာကို စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )