နေပြည်တော်၊ အောက်တိုဘာ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ Bagan Sense ဟိုတယ်၌ ဖွင့်လှစ် ထားရှိသည့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် အသိအမှတ်ပြုပေးနိုင်ရန်အတွက် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်း ရှင်းရေးဆိုင်ရာ သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

အဆိုပါ သင်တန်းသို့  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် (၁၀)ဦး၊ သင်တန်းခန်းမအတွင်း (၂၀)၊ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၃၀) တက်ရောက်လျက်ရှိပြီး စက်တင်ဘ ၃၀ ရက်မှ အောက်တိုဘာ  ၄ ရက်အထိ (၅)ရက်ကြာဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်ရန်အတွက် မင်းဒင် ဖောင်ဒေးရှင်း အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် အောက်ဆီဂျင် လီတာ (၄၀) ဝင်အိုး ပျမ်းမျှ (၉၅) လုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် စမ်းသပ်လည်ပတ်နေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ခရီးသွားဧည့်သည်များ ခရီးစဉ် ဒေသဆိုင်ရာ အချက်အလက်များသိရှိလိုမှုများကို မေးမြန်းစုံစမ်းနိုင်ရန်အတွက်  ဝန်ကြီးဌာနမှ ဖွင့်လှစ်ထား ရှိသည့် Bagan Information and Training Center ၌ လုပ်ငန်းဆောင်ရွက်နေမှုနှင့် Virtual Reality Tour ပြခန်းဆောင်ရွက် မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ညောင်ဦးမြို့ရှိ Aureum Palace Resort Bagan ကျန်စစ်သား အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာများ၊ ပုဂံဇုန်ရှိ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊  ခရီးသွားလုပ်ငန်းရှင်များ အသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်းများ မှ တာဝန်ရှိသူများနှင့် ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံသည့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ပုံရိပ်ကို မြှင့်တင်ပေးနိုင်ရန် အတွက် Enchanting Myanmar Health & Safety  Protocol ကိုရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ သို့ပါ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် Health & Safety  Protocol နှင့်အညီ စနစ်တကျ ဝန်ဆောင်မှုပေးရန် လိုအပ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းကို ဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားရာ ယင်းလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမူစီးပွားဘဝများဖွံ့ဖြိုး တိုးတက်ရေး ရှေးရူ့၍ အလေးထားလုပ်ကိုင် ‌ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုဂံဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၊ ပုဂ္ဂလိကသာမက ဒေသတွင်းနေထိုင် ကြသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းအကောင်ထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုနှင့် ဆက်သွယ်ဆောင်ရွက် နိုင်မှုမှာအ‌ရေးကြီးပါကြောင်း၊ လူသား တို့၏ စူးစမ်းလေ့လာလိုစိတ် (Curiosity) ရှိသည့် သဘောသဘာဝကို သိရှိနားလည်ပြီး ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ်လာပါက အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း  ပြောကြားသည်။

ထို့‌နောက် ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီစစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety  Protocol အစီအစဉ်အရ ဒေသအဆင့် အသိ အမှတ်ပြု လက်မှတ်ပေးအပ်ရာ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ကိုယ်စား ဟိုတယ်မန်နေဂျာတစ်ဦးမှ လက်ခံရယူသည်။   

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း နယ်မြေဖြစ်သည့် ပုပ္ပါးနယ်မြေရှိ Popa Mountain Resort ၌ ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သင်တန်းကို Outsourcing စနစ်ဖြင့် ဖွင့်လှစ် သင်ကြားနေမှုတို့ကို  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)