တန့်ယန်း အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာ၌ ယခုဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ မွမ်းမံရန်ပုံငွေဖြင့် အိမ်တိုင်ရာရောက် ရေရှိရေးလုပ်ငန်း များကို ယခုနှစ် စက်တင်ဘာလ ပထမအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
တန့်ယန်းမြို့နယ်၊ ခိုယောင်းကျေးရွာအုပ်စု ဟုန်းတောက်၊ ခိုယောင်း၊ ပန်မိုက်ဟုန်း၊ ခိုင်ယောင်း(တောင်)စသည့် ကျေးရွာလေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးအတွက် ရေပိုက်လိုင်းအရှည် ၅ မိုင် ၇ ဖာလုံ သွယ်တန်းခြင်းကို ရှမ်းပြည်နယ်အစိုးရ၏ မွမ်းမံရန်ပုံငွေဖြင့် ဝယ်ယူထားသော နှစ်လက်မရေပိုက် ၁၉၃၀ လုံးအား ထောက်ပံ့၍ လည်းကောင်း၊ လိုအပ်သည့် ရေမီတာ၊ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ၊ ရေပိုက်လိုင်းတူးဖော်ခြင်းလုပ်ငန်း များအား ကျေးရွာနေပြည်သူများမှ ငွေအားလုပ်အားထည့်ဝင်၍လည်းကောင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ပြောပြ၍ သိရသည်။
အဆိုပါကျေးရွာလေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးအတွက် ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင် ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာလေးရွာရှိ အိမ်ခြေ ၁၃၁ အိမ်၊ လူဦးရေ ၆၆၆ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိနေပြီဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်(မကွေး)