စဉ့်ကိုင်  အောက်တိုဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုန် ဧက (၂၀ဝ)စံပြကွက် စိုက်ပျိုးသည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို နတ်ရေကန်ကျေးရွာ၊ ကွင်းအမှတ်(၄၆)ဈရှိ တောင်သူ ဦးကံတင်၏ စိုက်ခင်းနေရာတွင်  ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ၊ တိုင်းဒေသကြီး  ဦးစီးမှူး ဦးတိုးမင်းက ၂၀၂၀ - ၂၀၂၁  ခုနှစ်၊  မိုး၊  မိုးနှောင်းချည်မျှင်ရှည်ဝါများ စိုက်ပျိုးထားရှိရာ အထူးဇုံဧက စံပြကွက်များမှ   ထွက်ရှိလာသော  ဝါမျိုးစေ့များအား  လာမည့်ဝါစိုက်ပျိုးရာသီတွင် မျိုးသန့်၊ မျိုးစေ့အဆင့်အဖြစ် ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဝါမျိုးစေ့ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ဆွေးနွေး   ပြောကြားခဲ့သည်။

ထို့နောက်  ဒုတိုင်းဒေသကြီး   ဦးစီးမှူး   ဦးစိုင်းသန်းအောင်က   စိုက်ပျိုးထားရှိသည့်   ဝါစိုက်ခင်းအတွင်း ဝါမျိုးကွဲ  နှုတ်ပယ်ခြင်း၊  ဝါမျိုးစေ့ထုတ်လုပ်ခြင်း  လက်တွေ့ပြသခြင်းများကို နည်းပညာပေး၍ တောင်သူများ  ဝါမျိုးစေ့  ထုတ်လုပ်ခြင်း လုပ်ငန်းအဆင့်ဆင့်များအား စနစ်တကျ လိုက်နာဆောင်ရွက်သွားနိုင်ရန် အသေးစိတ် ဆွေးနွေး ပြောကြားခဲ့ပြီး မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်  မိုး၊  မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧက စုစုပေါင်း (၆၈၃၉) ဧက စိုက်ပျိုးထားရှိပြီး  မိုးနှောင်းချည်မျှင်ရှည်ဝါ  အထူးဇုံ  ဧက  (၂၀ဝ)စံပြကွက်ကို   ရွှေတောင်- ၁၀  ဝါမျိုးဖြင့်   FS   မျိုးစေ့အဆင့်အသုံးပြု၍ မီးသွေးဘုတ်ကျေးရွာအုပ်စုတွင် တောင်သူ(၄၁)ဦးဖြင့်  စိုက်ပျိုးဆောင်ရွက် ထားရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးထံက သိရသည်။

ဆွေးနွေးပွဲသို့   မန္တလေးတိုင်းဒေသကြီး    စိုက်ပျိုးရေးဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူး   ဦးတိုးမင်း၊ ဒု တိုင်းဒေသကြီး  ဦးစီးမှူး    ဦးစိုင်းသန်းအောင်၊  ကျောက်ဆည်ခရိုင်   ဦးစီးမှူး  ဦးစိုးနိုင်၊   မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးနှင့် ဝန်ထမ်းများ၊  ဝါစိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။ 

ဝင်းဝင်းသန်း(စဉ့်ကိုင်)