တိုကျို အောက်တိုဘာ

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အကြီးအကဲအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယိုကီရှီဒါသည် လက်ရှိဝန်ကြီးချုပ် ဆူဂါပြီးနောက် ဝန်ကြီးချုပ် ရာထူးတာဝန်များကို ဆက်ခံမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်တွင် လွှတ်တော်အမတ် များက ဖူမီယိုကီရှီဒါအား ဝန်ကြီးချုပ်အဖြစ် ကြေညာမည်ဖြစ်သည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ရွေးချယ်ရာတွင် ကီရှီဒါနှင့် စည်းမျဉ်းပြုပြင်ပြောင်းလဲရေးဝန်ကြီး ကိုနိုတာရိုတို့ ယှဉ်ပြိုင်ကြရာ ကီရှီဒါက ထောက်ခံမဲ ၂၅၇ မဲရရှိပြီး ကိုနိုတာရိုအား မဲအသာစီးဖြင့် အနိုင်ရရှိခဲ့သည်။ ကိုနိုတာရိုသည် ထောက်ခံမဲ ၁၇၀ ခန့်သာရရှိခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယိုကီရှီဒါသည် ဝန်ကြီးချုပ် ဆူဂါနေရာတွင် ပြောင်းလဲ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ဝန်ကြီးချုပ်ဆူဂါသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိစဉ် တိုကျို အိုလံပစ်အားကစား ပြိုင်ပွဲကျင်းပရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်အပေါ် ပြည်သူများ၏ဝေဖန်မှုကို ခံနေရသည့်အတွက် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၂ အရွယ် ဝန်ကြီးချုပ်ဆူဂါသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကျန်းမာရေး အခြေအနေကြောင့် ရာထူးမှနုတ်ထွက်သွားပြီးနောက် ယမန်နှစ်စက်တင်ဘာလမှစပြီး ဝန်ကြီးချုပ်တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သူဖြစ်သည်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အကြီးအကဲနေရာတွင် ဆက်လက်ဆောင်ရွက်မည့်အစား နိုင်ငံအတွင်း ရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ပိုမိုဆန္ဒပြင်းပြပါကြောင်း ဝန်ကြီးချုပ် ဆူဂါက ဆိုသည်။

ဝန်ကြီးချုပ်ဖြစ်လာမည့် ဖူမီယို ကီရှီဒါက နိုင်ငံ အတွင်းရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ကပ်ရောဂါကြောင့် ထိခိုက်သွားသည့် စီးပွားရေးအခြေအနေများကို ပြန်လည် ဦးမော့လာရေးအတွက် အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားသည်။

ထို့ပြင် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေသထွက်ပေါ်လာရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါလူနာများကုသရေးအတွက် ယာယီဆေးရုံများ နိုင်ငံတစ်ဝန်း၌ တည်ဆောက်ရေးအတွက် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏သိပ္ပံနှင့် နည်းပညာကဏ္ဍ တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖူမီယို ကီရှီဒါက ပြောသည်။

ဖူမီယို ကီဒါက စည်းမျဉ်းပြုပြင်ပြောင်းလဲ ရေးဝန်ကြီး ကိုနိုတာရိုအား လစ်ဘရယ်ဒီမို ကရက်တစ်ပါတီ ပြည်သူ့ဆက်ဆံရေးဌာနချုပ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်မည်ဖြစ်သည်။

ကိုနိုတာရိုသည် လက်ရှိဝန်ကြီးချုပ်ဆူဂါ၏ အစိုးရအဖွဲ့တွင် စည်းမျဉ်းပြုပြင်ပြောင်းလဲရေး ဝန်ကြီးအဖြစ် ယမန်နှစ်စက်တင်ဘာလမှစပြီး တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ တာဝန်ရှိသူအဖြစ်လည်း ယခုနှစ် ဇန်နဝါရီလမှစပြီး တာဝန်ထမ်းဆောင်လျက်ရှိသည်။

လက်ရှိတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကီရှီဒါက အစိုးရအဖွဲ့သစ် ပြောင်းလဲ ဖွဲ့စည်းရန် အစိုးရအဖွဲ့ဝင်များအား ခန့်အပ်ရန် စီစဉ်လျက်ရှိသည်။

ကီရှီဒါက ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ညီငယ်ဖြစ်သူ ကီရှီနိုဘူအိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် ရွေးချယ်ထားပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေကောင်စီဥက္ကဋ္ဌ ဆူဇူကီးရှူးနီချီအား ဘဏ္ဍာရေး ဝန်ကြီးအဖြစ်ခန့်အပ်ရန် ရွေးချယ်ထားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်