နေပြည်တော် အောက်တိုဘာ ၄
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ နယ်ပယ် (၃) အကောင်အထည်ဖော်မှုကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ငွေကြေး ဆိုင်ရာစုံစမ်းထောက် လှမ်းရေးအဖွဲ့၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာ နိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာနိုင်ငံရှေ့နေများအသင်း၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်များ အသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သော ဥပဒေမူဘောင်နှင့် စည်းမျဉ်းစည်းကမ်းများခိုင်မာရေး၊ သတင်းပေးပို့မှုယန္တရားနှင့် နည်းစနစ်များနှင့်အညီ သတင်းပေးပို့ စေရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းအလိုက် အသေးစိတ်ဆွေးနွေးကြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်