နေပြည်တော်၊ အောက်တိုဘာ၄

 

အသား အာဟာရကို ပြည်သူများ ပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး ၊ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး နှင့် အရည်အသွေးမြင့် ပို့ကုန် တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူထုတ်လုပ်မှုတိုးချဲ့ရေး၊ အသားထုတ်လုပ်မှု မြင့်မားသော မျိုးများအဖြစ် မျိုးမြှင့်တင်ခြင်း နှင့် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ အပါအဝင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာ (၂) ရက်က ကျောက်ဆည်မြို့နယ်၊ စွန်ရဲအင်းဒေသ၊ ပုဂ္ဂလိက နွားမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားခဲ့သည်။

 

နွားမွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည့် ငွေပင်လယ် နွားမွေးမြူရေးလုပ်ငန်းတွင် မြန်မာ့ တိုင်းရင်း မျိုးကောင်းမျိုးသန့် နွားမများအား အသားထွက်နှုန်း မြင့်မားသည့် ယင်လင့်နွားမျိုးများ နှင့် မျိုးစပ်ပြီး  ကာလတိုအတွင်း အသားထွက်နှုန်း စံချိန်မီသည့် အသားတိုးနွားများ မွေးမြူထုတ်လုပ်လျက် ရှိကြောင်း၊  စပ်မျိုးနွားများအား ၅၀ ရာခိုင်နှုန်းမှ ၇၅ရာခိုင်နှုန်း၊ ၄င်းမှ ၁၀၀ရာခိုင်နှုန်း နီးပါးဖြစ်သည်အထိ မျိုးမြှင့်တင်သွားမည်ဖြစ်ပြီး၊ ရောင်းတန်းဝင် အသားတိုးနွားများကို စည်သွပ်စက်ရုံနှင့် ဒေသတွင်း အသားအရောင်းဆိုင်များသို့ ထုတ်လုပ်ပေးလျက်ရှိကာ ပြည်ပ ပို့ကုန်အဖြစ် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘေးထွက်ပစ္စည်း သားရေကို တပ်မတော် သားရေစက်ရုံများအတွက် သားရေလိုအပ်ချက်  ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုမှတဆင့်် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေး သုတေသနဦးစီးဌာန စပါးသုတေသနခွဲ ကျောက်ဆည်စိုက်ပျိုးရေး သုတေသနခြံ သို့ ရောက်ရှိကြရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ခြံတာဝန်ခံတို့က ရေမြေဒေသနှင့်ကိုက်ညီပြီး ပိုးမွှား ရောဂါဒဏ် ခံနိုင်သည့် အထွက်ကောင်း စပါးမျိုးသစ်များ မွေးမြူထုတ်လုပ်နေမှု ၊ ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်မည့် စပါးမျိုးသစ်များ မွေးမြူထုတ်လုပ်နေမှု၊ အရည်အသွေးကောင်း၊ အာဟာရဓာတ် ပြည့်ဝသော စပါးမျိုးများ မွေးမြူထုတ်လုပ်နေမှု၊ အထွက်ကောင်း စပ်မျိုးစပါးများ မွေးမြူ ထုတ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေမြေရာသီဥတုနှင့်ကိုက်ညီ၍ ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး တောင်သူများအတွက် စီးပွားရေး တွက်ချေကိုက်သည့် အထွက်ကောင်း မျိုးစပါးများ သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် အထွက်နှုန်းကောင်းပြီး စားသုံးမှု အရည်အသွေး ကောင်းမွန်သော ဆည်ရေသောက် လယ်စပါးမျိုးများ မွေးမြူရွေးချယ်ခြင်းနှင့်  သုတေသန စပါးစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်