ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၌ ယခင် ယာယီရပ်နားထားသော ဓာတ်လှေကားများကို ယခုအခါ ဘုရားဖူးပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ အောက်တိုဘာ ၃ ရက်မှစတင်ကာ စောင်းတန်းများရှိ ဓာတ်လှေကားများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှ သိရသည်။
“ ဓာတ်လှေကား တွေကို အောက်တိုဘာ ၃ ရက်ကစပြီး ပြန်ဖွင့်ခဲ့တာပါ။ ဘုရားစတင် ဖွင့်လှစ်ချိန် နံနက် ၆ နာရီကနေ ညနေ ၆ နာရီ အထိပါပဲ။ အဓိကကတော့ ဘုရားဖူးလာတဲ့ ရဟန်း သံဃာတွေ၊ သက်ကြီးဘိုးဘွားတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေလောက်သာ အရင်ကတော့ ခွင့်ပြုခဲ့တာ။ အခု အောက်တိုဘာ ၃ ရက်နံနက်ပိုင်းကစပြီး လူလတ်တန်းစားမရွေး ဓာတ်လှေကားနဲ့ တက်ရောက် ဖူးမြော်ခွင့်ပြုလိုက်တာပါ” ဟု ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထင်ကရစေတီတစ်ဆူဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ပြည်သူများအကြား ရောဂါပျံ့နှံ့မှုမရှိစေရန် ယာယီပိတ်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ရဟန်းသံဃာ၊ သက်ကြီးဘိုးဘွားများနှင့် ကျန်းမာရေးချို့တဲ့သူများကိုသာ ဓာတ်လှေကားဖြင့် ပြန်လည်ဖူးမြော်ခွင့်ပြုခဲ့သည်။
တက်ရောက်ဖူးမြော်ခွင့်ပြု ယခုအခါ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ပြည်သူများ အကန့်အသတ်မရှိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ် ဖူးမြော်ခွင့် ပြုလိုက်ပြီဖြစ်သည်။ ယင်းသို့ ဓာတ်လှေကားဖြင့် တက်ရောက်ဖူးမြော်ခွင့် ပြုရာတွင် အရှေ့ဘက် စောင်းတန်းမှလည်းကောင်း၊ တောင်ဘက် စောင်းတန်းမှလည်းကောင်း၊ မြောက်ဘက် စောင်းတန်းမှလည်းကောင်း ဓာတ်လှေကားများ ဖွင့်လှစ်ပေးထားသော်လည်း အနောက်ဘက် စောင်းတန်းမှဓာတ်လှေကားကိုမူ လတ်တလော ယာယီပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်