mdn

မြောက်ဦး   အောက်တိုဘာ   ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများသို့ လာရောက်ခိုလှုံရန်ရောက်နေကြသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက သတ်မှတ်စုရပ် နှစ်နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။ 

ထိုသို့ထိုးနှံပေးရာတွင် မြို့ပေါ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းများဖြစ်သော မြို့သစ်ဘုန်းတော်ကြီးကျောင်း ယာယီတိုက်ပွဲရှောင်စခန်းနှင့် သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ယာယီတိုက်ပွဲရှောင်စခန်းများမှ  အသက် ၁၈ နှစ်အထက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ  ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏများ  တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်သည်။ တိုက်ပွဲ ရှောင်စခန်း နှစ်ခုမှ အသက် ၁၈ နှစ်အထက် ပြည်သူ ၂၃၈ ဦးအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)