တောင်ကြီး အောက်တိုဘာ ၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “လမ်းဦးစီးဌာန၊ ကျေးလက်ကဏ္ဍ၊ စည်ပင်ကဏ္ဍ၊ ဆည်မြောင်းကဏ္ဍ၊ စက်မှုကြီးကြပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍအားလုံး ပေါင်းစပ်ဆောင်ရွက်ရန်၊ အင်းလေးကန်သွားသည့် လမ်းအား လမ်းဒီဇိုင်းများဆွဲကာ လမ်းဖြောင့်အောင် ဆောင်ရွက်ရန်၊ မွေးမြူရေး ကဏ္ဍတွင်လည်း အေးသာယာ၌ရှိသော မွေးမြူရေးဇုန်(၁) ဇုန်(၂)ရှိသဖြင့် ဇုန်(၂)မှ မွေးမြူရေးဇုန်ကို ဇုန်(၁)သို့ တစ်ဖြည်းဖြည်း လာရောက်ပေါင်းနိုင်ရန်၊ စက်မှုဇုန်ထဲတွင် အလုပ်လုပ်ကိုင်မှုမရှိဘဲ လူနေထိုင်မှုများ ရှိနေသဖြင့် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးမှ သေချာစိစစ်ရန်၊ လယ်ယာမြေကဏ္ဍတွင် သေချာစိစစ်ပေးပြီးမှ ထုတ်ပေးရန်၊ စိုက်ပျိုးရေးကဏ္ဍတွင် ပိုးသတ်ဆေးများပြားစွာ မသုံးစွဲနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေး ဆောင်ရွက်နိုင်ရန်၊ အင်းလေးဒေသတွင် ကျွန်းမျှောများ မတိုးချဲ့ရန်နှင့် အင်းလေးကန်အတွင်း ခြံစည်းရိုးခတ်ထားမှု တွေ့ရှိနေရသဖြင့် မခတ်နိုင်ရန် ဆောင်ရွက်ရန်၊ ပင်းတယ၊ နမ့်စန်၊ ဟဲဟိုး၊ ဟိုပုံးတို့တွင် စိုက်ပျိုးမွေးမြူရေးကို တွန်းအားပေး ဆောင်ရွက်ပေးရန်၊ တောင်ကြီးမြို့တွင် လူနေမှုထူထပ်သဖြင့် နောင်တွင် ရေရှားပါးမှု မရှိစေရေးအတွက် ကြိုတင် တိုင်ပင်ဆွေးနွေးကြရန်၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဆွေးနွေးပေးကြရန်” ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က လုပ်ငန်းကဏ္ဍ အလိုက် ဆွေးနွေးကြကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများကလည်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းအလိုက် ဆွေးနွေးရှင်းလင်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့သည်။
မောင်မောင်သန်း(တောင်ကြီး)