ပွင့်ဖြူ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ လူမှုဘဝ ပြည့်စုံဖို့အတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း လွှဲပြောင်း ပေးအပ်ခြင်းကို အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက အဆိုပါ ရပ်ကွက်ရှိဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်းက နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပျောက်ဆုံး၊ ပျက်စီးမှုများ မဖြစ်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများထံ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၈ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၃၀ စု အား လွှဲပြောင်းပေးအပ်သည်။
ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ပြုလုပ်ပေးခြင်းကို တစ်မြို့နယ်လုံး လူဦးရေ ၃၉၀၀ လျာထားကြောင်း သိရပြီး သတ်မှတ်လျာထားဦးရေ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)