mdn

ရန်ကုန်   အောက်တိုဘာ   ၆

ဈေးကွက်ခိုင်မာမှုရှိသည့် ကော်ဖီသီးနှံကို တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေး ကျွမ်းကျင်သူများက ပြောဆိုသည်။

“တောင်သူတွေအနေနဲ့ နောက်ပိုင်း ထည့်သွင်းစဉ်းစားသင့်တဲ့ သီးနှံအမျိုးအစားထဲမှာ ကော်ဖီ သီးနှံလည်း ပါဝင်ပါတယ်။ အခုကာလမှာ တောင်သူတွေအရှုံးပေါ်ကြတာက စိုက်ပျိုးရေးပိုင်းမှာထက် ဈေးကွက်မှာ ရှုံးနေတာပါ။ တောင်သူအများစုက ဘာလို့ ဈေးကွက်အရှုံးပေါ်နေလဲဆိုရင် ဈေးကွက်တောင့်တင်းခိုင်မာမှုမရှိတဲ့ သီးနှံတွေနဲ့ သိုလှောင်သိမ်းဆည်းထားလို့မရတဲ့ သီးနှံတွေကို စိုက်ပျိုးမိသွားလို့ပါ”ဟု ကော်ဖီစိုက်ပျိုးရေး အထူးပြုပညာရှင် ဦးစောရန်နိုင်စိုးက ပြောပြသည်။

စိုက်ပျိုးသီးနှံအများစုမှာ တာရှည်သိုလှောင်၍ မရသည့်အတွက် ဈေးကွက် မကောင်းချိန်ဖြစ်သော်လည်း ရရာဈေးနှုန်းများဖြင့် အလျဉ်းသင့်သလို ရောင်းချပစ်လိုက်ရတတ်သည်။

“ကော်ဖီသီးနှံကတော့ တကယ်တမ်းစနစ်တကျ သိုလှောင်ထားမယ် ဆိုရင် သုံးနှစ်၊ ငါးနှစ်အထိ ပြဿနာမရှိဘူး။ အဲ့ဒီအတွက်ကြောင့် တောင်သူနဲ့ ကုန်သည်ပွဲစားတွေကြားမှာ တောင်သူတွေဆီမှာ အားသာတာပေါ့နော်”ဟု ၎င်းက ဆက်လက်ပြောပြသည်။  

မြန်မာနိုင်ငံမှ ကော်ဖီကို Export ဈေးကွက်အနေဖြင့် အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသည့် နိုင်ငံကြီးများသို့ နှစ်စဉ် တင်ပို့ရောင်းချနေသည့်အပြင် ယခုနှစ်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ကော်ဖီစိုက်ခင်းများ အထွက်နှုန်းကျဆင်းခြင်း၊ တရုတ်နိုင်ငံ(ယူနန်ပြည်နယ် အနီးတစ်ဝိုက်ရှိ) ကော်ဖီစိုက်ခင်းများ မိုးများ၍ ပျက်စီးဆုံးရှုံးခြင်းတို့ကြောင့် မြန်မာ့ကော်ဖီမှာ ဈေးကွက်လိုလားမှု ပိုမိုမြင့်မားခဲ့ကြောင်း သိရသည်။

နန်းထက်ထက်ချစ်