mdn

မိတ္ထီလာ   အောက်တိုဘာ   ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြစ်သည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန မိတ္ထီလာမြို့နယ်အနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် သာယာလှပစေရန်နှင့် ကျေးလက်နေ ပြည်သူများ၏ အခြေခံ သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မိုးရာသီတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအနေဖြင့် ဒေသခံပြည်သူလူထူရဲ့ အခြေခံလိုအပ်ချက်များဖြစ်သည့် သစ်၊ တိုင်း ၊ မျော ၊ ထင်း အစရှိတဲ့ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကျေးရွာသုံးစိုက်ခင်း ဧက ၅၀ တွင် ပျိုးပင်ပေါင်း ၂၇၀၀၀၊ ရေမြေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် သာယာလှပစေရန် အခြားစိုက်ခင်း ၂၅ ဧကတွင် ပျိုးပင်ပေါင်း ၃၀၂၅၀နှင့် တစ်အုပ်တစ်မစိုက်ခင်း (အထူးစိမ်းအပင်ကြီး) အပင် ၅၀၀၀ တို့ကို ဇွန်လက စိုက်ပျိုးထူးထောင်ပြီးစီးပြီဖြစ်ရာ မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  မိုးရာသီတွင် ဖလံကျင်းသစ်တောကြိုးဝိုင်း၊   ကုန်တန်းသစ်တောကြိုးဝိုင်းတို့တွင် ကျေးရွာသုံးစိုက်ခင်း ဧက ၅၀ နှင့် အခြား စိုက်ခင်း ၂၅ ဧက တို့တွင် ပိတောက်၊ ယူကလစ်၊ မြန်မာကုက္ကို၊ ဒဟတ်၊ မြင်ဝါး၊ ရင်းမာ၊ ဖျောက်ဆိပ်၊ တမာ၊ ရှား စသည့် ပျိုးပင်ပေါင်း ၆၂၂၅၀ ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

၎င်းအပြင် ထင်းအစားထိုး အခြားလောင်စာတိုးမြှင့် အသုံးချဆောင်ရွက်ခြင်းအနေဖြင့် ကျေးလက်နေ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာရကို ဒေသခံပြည်သူများ သိရှိနားလည် ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာနှိုးကြားစေရေးအတွက် ထင်းအစား စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး ဇရပ်ကုန်း၊ ရေဝေ၊ ဆပ်ပြာကျင်း၊ တပျော်၊ မုန်တိုင်ကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာများတွင် လူထုပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ပြီး စွမ်းအားမြှင့်မီးဖို ၉၉၄ လုံးကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)