ပခုက္ကူ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သံဃာ့ဆေးရုံရှေ့တွင် တည်ဆောက် ထားရှိသည့် အောက်ဆီဂျင်စက်ရုံမှ အရေးပေါ်အောက်ဆီဂျင် ပေးသွင်းရန်လိုအပ်သည့် ဆေးရုံတက် လူနာများနှင့် ဒေသခံပြည်သူများ၏ အောက်ဆီဂျင်အရေးပေါ် လိုအပ်မှုများအတွက် ပုံမှန်လည်ပတ် ထုတ်လုပ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက် နှစ်လုံးမှ တစ်လုံးမှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်တွင် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိကြောင်း၊ စက်ရုံအတွက် လျှပ်စစ်ပိုင်းအနေဖြင့် 200KVA ထရန်စဖော်မာ အသုံးပြုထားပြီး တစ်နာရီလျှင် ၄၀ လီတာ ၁၀လုံးခန့ ်ထွက်ရှိကြောင်း၊ နောက်တစ်လုံးမှာ ကွန်းခိုရာဖောင်ဒေးရှင်းမှ လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်တွင် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိကြောင်း၊ တစ်နာရီလျှင် ၄၀ လီတာ လေးလုံးခန့်ထွက်ရှိသည့် Containerized Oxygen Generator System (XTFY-20/93) အောက်ဆီဂျင် စက်အမျိုးအစားဖြစ်ကြောင်း၊ စက်ပစ္စည်းများ နေရာချထားရေးနှင့် နေ့စဉ်ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရေးတို့အတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်း၏ ပြောပြချက်အရ သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)