ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာ ၂၅ ရွာတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး အိမ်တိုင်ရာရောက် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက အဆိုပါဌာနမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် ကွမ်ခြံကုန်းမြို့နယ်တို့ရှိ ကျေးရွာ ၂၀ တို့တွင် အိမ်တိုင်ရာရောက် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများပြီးစီးခဲ့ပြီး ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ ငါးရွာ၌ အိမ်တိုင်ရာရောက် ရေရရှိရေး ဆက်လက်ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာတွင် သန့်ရှင်းသော သောက်သုံးရေများ အိမ်တိုင်ရာရောက်ရရှိရေး ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းများ ပြီးစီးမှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာရှိ အိမ်ခြေ ၁၄၇၈၂ အိမ်တွင် နေထိုင်သည့် ပြည်သူ ၅၇၂၈၀ တို့သည် မိမိတို့နေအိမ်၌ပင် သန့်ရှင်းသော သောက်သုံးရေများကို အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာစွာဖြင့် အကျိုးရှိစွာ သုံးစွဲနိုင်ပြီဖြစ်သည်။
ခရိုင်(ပြန်/ဆက်)