နေပြည်တော် အောက်တိုဘာ ၆
ပြည်တွင်းထွက်ကုန်များ၏ အရည်အသွေးမြှင့်တင်ပြီး စားသုံးသူများ၏ ယုံကြည်မှု ပိုမိုခိုင်မာအောင် တည်ဆောက်ရန် လိုသကဲ့သို့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအားရှိစေရန် သန့်ရှင်းမှု၊ ထုပ်ပိုးမှု စသည့် ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများအပြင် သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်စေရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ၏ နွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးအဖြေရှာ စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ရေမြေသဘာဝနှင့် ကိုက်ညီသည့် နွားမျိုးများရှိခြင်း၊ မွေးမြူမှုနည်း စနစ်များနှင့် အကျွမ်းတဝင် ရှိပြီးဖြစ်ခြင်း၊ တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သော စိုက်ပျိုးရေး ထွက်ကုန်များရှိခြင်း၊ နိုင်ငံ၏အနီးဆုံးတွင် အကြီးမားဆုံး နိုင်ငံတကာ ဈေးကွက် ရှိနေခြင်းတို့အပြင် စီးပွားဖြစ် ထုတ်လုပ်မှု အခွင့်အလမ်းကောင်း နှင့် နွားမွေးမြူရေးမှ ရနိုင်သည့် အကျိုးအမြတ်များ ကြီးမားစွာ ရှိနေခြင်းကြောင့် ဈေးကွက်လိုအပ်ချက်နှင့်အညီ ဘရာမင်ကဲ့သို့သော အသားစားနွားမျိုးများ၊ နို့ထွက်ကောင်းသည့် နို့စား နွားမျိုး၊ အသား အရည်အသွေးကောင်းသည့် နွားနောက်မျိုးများ တိုးချဲ့မွေးမြူနိုင်ရေး အားပေး ကူညီဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူ အားလုံးတို့က မိမိတို့ကျရာအခန်း ကဏ္ဍများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
မြန်မာ့ ကျွဲနွားမွေးမြူရေးကို လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုရန် တစ်ပိုင်တစ်နိုင် မွေးမြူလာကြရာ ၂၀၁၉ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၌ ဒေသနွားကောင်ရေ ၈ ဒသမ ၈သန်းကျော်၊ နို့စာနွား ကောင်ရေ ၅ သောင်းကျော်၊ နွားနောက်ကောင်ရေ ၅ သောင်းကျော်၊ ကျွဲကောင်ရေ ၁ ဒသမ ၆ သန်းကျော်၊ စုစုပေါင်းကျွဲနွားကောင်ရေ ၁၀ ဒသမ ၆ သန်းကျော် မွေးမြူထားသည်ဟု သိရသည်။
ကျွဲနွားအရှင်များကို ၂၀၁၇ ခုနှစ်မှစတင်၍ ပြည်ပသို့တင်ပို့ ခွင့်ပြုခဲ့ရာ ယနေ့အထိ ကျွဲနွားကောင်ရေ (၅၄၂၄၃၅) ကျော် တင်ပို့ရောင်းချခဲ့ပြီးဖြစ်သည်။ ကျွဲ နွား ဈေးကွက်သည် ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်သကဲ့သို့ ရေရှည်တွင် တိရစ္ဆာန်အရှင် တင်ပို့ရောင်းချခြင်း သာမက တန်ဖိုးမြှင့် ထုတ်ကုန်များကို ပြည်တွင်း၌ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်နယ်များ မှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်