တောင်ကြီး   အောက်တိုဘာ   ၇

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ  ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက “ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရှမ်းပြည်နယ်တစ်ခုလုံးတွင်  နမ့်ခမ်းမြို့သည် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ နောင်ချိုမြို့နှင့် တတိယအများဆုံးမှာ ကျိုင်းတုံမြို့တို့ ဖြစ်ပါကြောင်း၊ တောင်ကြီးမြို့သည် အားလုံးခြုံ၍ ကြည့်ပါက ၇ ရာခိုင်နှုန်းရှိပြီး  တောင်ကြီးမြို့ တစ်ခုထဲကြည့်ပါက ၅ ရာခိုင်နှုန်းအောက် ရောက်နေပါကြောင်း၊ ကိုဗစ်- ၁၉ ရောဂါကို သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း လိုက်နာရန်လိုကြောင်းနှင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်” ပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်-၁၉  ရောဂါပိုး တွေ့ရှိမှုနှင့် ရောဂါပိုး ထိန်းချုပ်နိုင်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် တက်ရောက်လာကြသူများက ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)