ထားဝယ် အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင်ထုတ်စက်နှင့် ကုသဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ အလှူရှင်မိသားစုက လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက် နှစ်လုံးအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက် နှစ်လုံးမှာ ရန်ကုန်မြို့နေ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမီတက် ဥက္ကဋ္ဌ ဦးခင်စိုး၊ ဒေါ်အုန်းဇာဇာလွင် အဏ္ဏဝါလွှမ်းကုမ္ပဏီမိသားစု(ရန်ကုန်)က တန်ဖိုးငွေကျပ်သိန်း ၈၀၀နှင့် ဝိသာခါ ဖောင်ဒေးရှင်းမှ ဦးဆောင်၍ ရဟန်းရှင်လူပြည်သူများ စုပေါင်းလှူဒါန်းသည့် စုပေါင်းအလှူ ကျန်းမာ အကူအစီအစဉ်မှ ကျပ်သိန်း ၁၄၀၀ တန်ဖိုးရှိ အောက်ဆီဂျင် ၅၀ Liter /min ဖြင့် ထုတ်လွှတ်ပေးနိုင်သော Oxygen Plant တို့ဖြစ်ပြီး တစ်နာရီလျှင် ၄၀ လီတာဆံ့ အိုး လေးလုံး ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောက်ကပ်ဆေးကုသမည့် လူနာများအတွက် အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာအားလည်းကောင်း၊ သီးသန့်ကုသဆောင်နေရာတွင် (၆)ခုတင်ဆံ့ ကိုဗစ်လူနာများ အထူးကြပ်မတ်ကုသမည့်နေရာအား လည်းကောင်း၊ ခွဲစိတ်ကုသဆောင်ရှိ ရိုးရိုးလူနာ အထူးကြပ်မတ် ကုသမည့်နေရာအားလည်းကောင်း၊ ကိုဗစ်ပိုး ရှိမရှိစစ်ဆေးနိုင်မည့် RT-PCR စက်ထားရှိမည့် Dawei Hospital Biosafety Laboratory အသစ်အတွက် တည်ဆောက်နေသောအဆောက်အအုံအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)