mdn

မိုင်းဖြတ်   အောက်တိုဘာ   ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု မွေးလူနာနှစ်ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခွဲစိတ်မွေးဖွားရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရဲခေါင်နှင့် ကျန်းမာရေးဝန်ထမ်း ခြောက်ဦး တို့က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးအတည်ပြုထားသည့် မွေးလူနာ နှစ်ဦးကို ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ခွဲစိတ်မွေးဖွားပေးခဲ့ရာ အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် တာလေမြို့နေ အသက် ၁၉ နှစ်ရှိ မွေးလူနာမှ ၆ ပေါင် ၆ အောင်စရှိ မိန်းကလေးအားလည်းကောင်း၊ အောက်တိုဘာ ၄ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာနေ အသက် ၂၀ ရှိ မွေးလူနာမှ ၇ ပေါင် ၄ အောင်စရှိ မိန်းကလေးအားလည်းကောင်း အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့သည်။

အဆိုပါ မွေးလူနာမိခင်နှင့် ကလေးငယ် နှစ်ဦးတို့မှာ ကျန်းမာရေး အထူးကောင်းမွန်လျက်ရှိပြီး မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအေး(မိုင်းဖြတ်)