သံတောင်ကြီး အောက်တိုဘာ ၇
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းက သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး လိပ်သိုမြို့တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းကို ပေးအပ်ပြီး ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိပ်သိုမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသော တိုင်ရင်းသားပြည်သူများအား အဟာရဖြည့်စွက်အစားအစာများ ပေးအပ်သည်။ ထို့နောက် လိပ်သိုမြို့ ပြည်သူ့ဆေးရုံအတွက် Oxygen Concentrator တစ်စုံ၊ ပါးစပ်နှင့် နာခေါင်းစည်း Mask များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်၍ လိပ်သိုမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းကို ပေးအပ်သည်။
ဆက်လက်၍ လိပ်သိုမြို့ ယေရှု၏ ရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းသို့ သွားရောက်ကာ ဆရာတော် ဖာသာကျော်စိန်ဝင်းအား ဂါရပြုတွေ့ဆုံပြီး ဆန်၊ ဆီ၊ ကြက်သွန် အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းသည်။ ထို့နောက် လိပ်သိုမြို့ ရန်ကြီးအောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒိယအား သုခနိဗ္ဗာန်ဓမ္မာရုံ၌ သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာတော်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း၍ လိပ်သိုမြို့တွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကျပ် ငါးသိန်းကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ/ရာသီသီးနှံဌာနခွဲ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(လိပ်သို) ခြံတာဝန်ခံရုံးသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ကော်ဖီသီးနှံ စိုက်ပျိုးထားရှိမှုများကို မေးမြန်းဆွေးနွေးပြီး ကော်ဖီမျိုးစိတ်များ ပျိုးထောင်ထားရှိသည့် ပျိုးခြံအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)