နေပြည်တော် အောက်တိုဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းနှင့် တာမွေမြို့နယ်ရှိ ကျိုက္ကဆံ အားကစားကွင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းသို့ ရောက်ရှိပြီး အားကစားပြိုင်ဝင်း ပြန်လည်အဆင့်မြင့်တင် တည်ဆောက်ရေးအတွက် ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အောင်ဆန်းအားကစားပြိုင်ဝင်း အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားဝင်းဆိုင်ရာ အချက်အလက်များနှင့် သမိုင်းအကျဉ်း၊ အဆောက်အဦများ ပျက်စီးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အောင်ဆန်းအားကစားပြိုင်ဝင်းသည် နှစ်ပေါင်း ၁၁၂ နှစ်ရှိပြီ ဖြစ်ပြီး ယခင်က အရှေ့တောင်အာရှတွင် အကောင်းဆုံးဖြစ်ခဲ့သည့် သမိုင်းဝင် အားကစားပြိုင်ဝင်း တစ်ခုဖြစ်ကြောင်း၊ အားကစားဝင်းအား ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ရာတွင် နိုင်ငံတကာအဆင့်မီပွဲများ ကျင်းပနိုင်ရေးအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယဉ်များ ရပ်နားရန်အတွက်နေရာများ၊ ပရိတ်သတ်များဝင်ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် ခုံးကျော်တံတားများနှင့် မြေအောက်လမ်းကူး လူသွားဥမင်များ၊ ဘတ်စ်ကား မှတ်တိုင်များ ထည့်သွင်းတည်ဆောက်ရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေချိန်ကာလတွင် လက်ရှိအားကစားကွင်း၌ လေ့ကျင့်ရေး ဆောင်ရွက်နေသော အားကစားသမားများ အားကစားနည်းများအလိုက် လေ့ကျင့်ရေး ဆောင်ရွက်နိုင်ရန်နေရာများ ကြိုတင်စဉ်းစား ဆောင်ရွက်ထားရန်လိုကြောင်း မှာကြားသည်။
အဆိုပါ အောင်ဆန်းအားကစားပြိုင်ဝင်းအား ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး မူလအမည်မှာ BAA (Burma Athletic Association Ground) ဖြစ်ကြောင်း၊ လူစည်ကားသော ပြည်တွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဆိုင်ရာ အားကစား ပြိုင်ပွဲများအပြင် အထူးတလည် အမှတ်တရဖြစ်စေသော ပြပွဲဖြစ်သည့် ရေခဲပေါ်မှ အားလပ်ရက်နေ့ (Holiday on Ice) ခေါ် ရေခဲပြင်ပြပွဲကြီးအား ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် မူလအမည် BAA (Burma Athletic Association Ground) အမည်မှ အောင်ဆန်းအားကစား ပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တာမွေမြို့နယ်ရှိ ကျိုက္ကဆံ ဘက်စကတ်ဘော အားကစားရုံနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ကျိုက္ကဆံကွင်း) တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းအလိုက် အဆင့်မြှင့်တင်ဆောင်ရွက် နိုင်မည့်အခြေအနေ၊ အားကစားသမားများ အမှန်တကယ်လေ့ကျင့် ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ပေးရန် လိုအပ်သည့် အခြေအနေများနှင့် အမျိုးသား အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်