mdn

မိတ္ထီလာ   အောက်တိုဘာ   ၈

မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် ကျေးလက်လမ်း သုံးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော် တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂၀၂ ဒသမ ၉၈၀ သန်းဖြင့်  ကျောက်ချောလမ်း တစ်လမ်း၊ မြေသားတင်ဂျင်းခင်းလမ်း နှစ်လမ်းနှင့် ရေကျော် တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် Well Done Engineering ကုမ္ပဏီက တာဝန်ယူပြီး ဇူလိုင် ၂ ရက်မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကျောက်တိုင်ရွာ အဝင်လမ်းအား ကျောက်ချောလမ်းခင်းခြင်း၊ ကျီကုန်း-ပန်းထွေးလမ်းနှင့် အိုင့်-ရေထွက်လမ်း တို့အား မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ကျောက်တိုင်ရွာအဝင်တွင် ရေကျော် တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

အဆိုပါ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးလက်နေ ပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် ရာသီမရွေး အဆင်ပြေစေတော့မည်ဖြစ်သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)