mdn

ရန်ကုန်   အောက်တိုဘာ   ၈

ကင်စွန်းဝါးဈေးကွက် ကောင်းမွန်နေသည့်အတွက် မျိုးပင်(ပျိုးပင်) ထုတ်လုပ်ရောင်းချမှု များပြားလာကြောင်း စီးပွားဖြစ် ဝါးစိုက်ပျိုးသူများထံမှ သိရသည်။

“ကင်စွန်းဝါးက မျှစ်ချိုးရောင်းလို့လည်း ရတယ်။ ဝါးအဖြစ်နဲ့ ခုတ်ရောင်းလို့လည်း ရတယ်။ ဈေးကွက် ကောင်းမွန်တဲ့အတွက် စိုက်ပျိုးသူ များလာတာကြောင့် အခုနောက်ပိုင်းမှာ မျိုးပင်ထုတ်လုပ် ရောင်းချရတာ ပိုများတယ်။ သူ့ရဲ့ မျှစ်အရသာကလည်း တော်တော်လေး ချိုတယ်၊ အရသာ ကောင်းမွန်တယ်။ ကင်စွန်းဝါးက ထွက်တဲ့ မျှစ်က ဈေးကောင်းရတာကြောင့် စိုက်ပျိုးဖို့ သင့်တော်တဲ့ ဝါးတစ်မျိုး ဖြစ်ပါတယ်။ ကင်စွန်းဝါးက ထွက်တဲ့ မျှစ်တစ်ပိဿာကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အတွင်း ပေါက်ဈေးရှိတယ်”ဟု ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ဝါးစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူ မစုမွန်က ပြောပြသည်။

လက်ရှိကာလတွင် သီးနှံအများစု ဈေးကွက်ထိခိုက်မှု ဖြစ်ပေါ်နေပြီး၊ မြေဆီ၊ မြေဩဇာနှင့် သွင်းအားစုစရိတ်များ မြင့်တက်နေချိန် ဖြစ်သဖြင့် ဈေးကွက် အာမခံချက်ရှိပြီး သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်သည့် ဝါးစိုက်ပျိုးရေးကို လူအများက စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။

ဝါးစိုက်ပျိုးရာတွင် ဇွန်၊ ဇူလိုင်လတို့၌ စတင်စိုက်ပျိုးလေ့ရှိပြီး၊ တစ်နှစ်ပတ်လည်လုံး မျှစ်ထုတ်ယူမည့် ဝါးခြံမျိုးဖြစ်ပါက မိုးရွာသွန်းမှုမရှိသည့် ကာလမျိုးတွင် ရေပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။

ကင်စွန်းဝါး မျိုးပင်(ပျိုးပင်) ၃ လသားအရွယ် တစ်ပင်လျှင် လက်ကားဈေးနှုန်း ၁၅၀၀ ကျပ်၊ လက်လီဈေးနှုန်း ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ဖြင့် ထုတ်လုပ်ရောင်းချနေကြကြောင်း သိရသည်။

နန်းထက်ထက်ချစ်