မကွေး အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အခမဲ့ဝန်ဆောင်မှု ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ပန်းထိမ်ကျေးရွာအုပ်စု ပန်းထိမ်းကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကျေးရွာဓမ္မာရုံတွင် အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဒုတိယလဝကမှူး ဦးငြိမ်းချမ်းနှင့် ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ်ရသေးသူ ၆ (က) ငါးဦးနှင့် ၃(က)ပြုလုပ်သူ ငါးဦး၊ အသက် (၁၈)နှစ်ပြည့်ပြီး အသစ်လဲလှယ်သူ ကိုးဦးနှင့် မိတ္တူပြုလုပ်သူ ခြောက်ဦး စုစုပေါင်း ပြည်သူ ၂၅ ဦးအား အထောက်အထားများစိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးသည်။
ငဖဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ဒေသခံပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ၃(က) ၅၁ ဦး၊ ၆ (က) ၄၉ ဦး၊ အသစ်လဲလှယ် ၂၁၅ ဦးနှင့် မိတ္တူပြုလုပ်သူ ၁၆၅ ဦး စုစုပေါင်းပြည်သူ ၄၈၀ ဦးအား ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးပွားမောင်ထံမှ သိရသည်။
မယု(ငဖဲ)