mdn

သံတောင်ကြီး   အောက်တိုဘာ   ၈

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် အောက်တိုဘာ ၇ ရက်က သံတောင်ကြီးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် တပ်မြို့ ဧည့်ရိပ်သာ၌ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)အတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်း နှစ်စုံ၊ မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့သို့ ငွေကျပ် ၁၀ သိန်းတို့ကို  သင်တန်းကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ခင်မောင်စိုးနှင့် ဇနီးတို့ထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နော်ဘူဘောဆုတောင်းတောင်ခြေ ဘုရားရှိခိုးကျောင်း၌ သံတောင်ကြီးမြို့နယ်ရှိ ခရစ်ယာန်သင်းအုပ်ဆရာတော်ကြီးများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေးကာ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြပြီး သံတောင်ကြီးမြို့ နော်ဘူဘော် ကိုဗစ်စင်တာတွင် ပါဝင်ကူညီပေးကြသည့် စေတနာ့ဝန်ထမ်းများအား ငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးအပ်သည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ ရောက်ရှိပြီး သံတောင်ကြီးမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကာ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းနှင့် သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်း၊ Oxygen Concentrator တစ်စုံနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့ သသနာ့မဥ္ဇူကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒာဓိပတိအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆွမ်းဆန်တော်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ သာသနာတော်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာအထက်တန်းကျောင်း (သံတောင်ကြီး) တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တောင်ပေါ်ဒေသဖြစ်ပြီး မိုးများသည့်အတွက် မြေသားနံရံများ ပြိုကျပျက်စီးမှုအား ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားကာ သံ‌တောင်ကြီးမြို့နယ် တောင်တက် ကားလမ်း မြေထိန်းနံရံ ပြိုကျပျက်စီးသည့် အပိုင်းအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ သံတောင်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃ သိန်းကို ထောက်ပံ့ပေးအပ် ခဲ့သည်။ 

စောမျိုးမင်းသိန်း(ပြန်/ဆက်)