တောင်ကြီး အောက်တိုဘာ ၈

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အောက်တိုဘလ ၇ ရက်နေ့ နံနက်ပိုင်းက သံတောင်ကြီးမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ ဧည့်ရိပ်သာ၌ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) အတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်း (၂)စုံ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ထံသို့ ငွေကျပ် (၁၀) သိန်းတို့ကို  သင်တန်းကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ခင်မောင်စိုးနှင့် ဇနီးတို့ထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် နော်ဘူဘော ဆုတောင်းတောင်ခြေ ဘုရားရှိခိုးကျောင်း၌ သံတောင်ကြီးမြို့နယ်ရှိ ခရစ်ယာန် သင်းအုပ်ဆရာတော်ကြီးများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်း ဆွေးနွေးကာ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြပြီး သံတောင်ကြီးမြို့ နော်ဘူဘော် ကိုဗစ်စင်တာတွင် ပါဝင်ကူညီပေးကြသည့် စေတနာ့ဝန်ထမ်းများအား ငွေကျပ် (၂)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ ရောက်ရှိပြီး သံတောင်ကြီးမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၅) သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့ ၂၅ ကုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်း နှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေ  (၃) သိန်းကျပ်၊ Oxygen Concentrator တစ်စုံနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် သံတောင်ကြီးမြို့ သာသနာ့မဥ္ဇူကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒာဓိပတိအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆွမ်းဆန်တော်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ သာသနာတော်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ကြသည်။

 

mdn

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်းကျောင်း (သံတောင်ကြီး) တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ တောင်ပေါ်ဒေသဖြစ်ပြီး မိုးများသည့်အတွက် မြေသားနံရံများ ပြိုကျပျက်စီးမှုအား ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားကာ သံ‌တောင်ကြီးမြို့နယ် တောင်တက်ကားလမ်း မြေထိန်းနံရံ ပြိုကျပျက်စီးသည့် အပိုင်းအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ သံတောင်မြို့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေ (၃) သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)