ဗန်းမော် အောက်တိုဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စပါးသီးနှံအထွက်နှုန်း တိုးတက်စေရေးအတွက် စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေးနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေး နည်းပညာ ပေးသင်တန်းကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာ၌ စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စာတွေ့ လက်တွေ့ သင်တန်းပို့ချ ပေးခဲ့သည်။
သင်တန်းသို့ တောင်သူ ၃ဝ တက်ရောက်ခဲ့ကြပြီး ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းက စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေးနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေး နည်းပညာဆိုင်ရာကို လည်းကောင်း၊ ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းက သီးနှံပိုးမွှားရောဂါ ဘက်စုံကာကွယ် နှိမ်နင်းနည်းပညာဆိုင်ရာကိုလည်းကောင်း၊ ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ညိုညိုဝင်းက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဆောင်ရွက်နေသည့် သီးနှံများအကြောင်းကိုလည်းကောင်း ဆွေးနွေးပို့ချသည်။ ထို့နောက် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး တောင်သူများ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် စီဟဲကျေးရွာ၌ စိုက်ပျိုးထားသော စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ စာတွေ့၊ လက်တွေ့ နည်းပညာပေးရန် လက်တွေ့စိုက်ပျိုးပြသသည့် (Learning Plot) စိုက်ကွက်၌ စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နည်းနှင့် မျိုးကွဲ နုတ်ပယ်ခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နည်း စနစ်များကို လက်တွေ့ဆောင်ရွက်ကြသည်။
ခရိုင်(ပြန်/ဆက်)