နေပြည်တော် ၊ အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ Positive Center နှင့် Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူခဲ့သော ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင် နှင့် အသက် (၅) နှစ် အောက်ကလေးများ၊ အသက်(၆၀)နှစ်အထက်သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းတို့ကို အာဟာရဖြည့်တင်းနိုင်ရေး အတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင် က နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ် (၈) မြို့နယ်တွင် ဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါကို Quarantine Center များ အချိန်မီ ဖွင့်လှစ်၍ အုပ်ချုပ်ရေးဆိုင်ရာဌာနများ၊ လုံခြုံရေးဆိုင်ရာဌာနများ၊ လူမှုဝန်ထမ်းနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပါကြာင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် Quarantine ဝင်ရောက်လာသော စောင့်ကြည့်သူများအတွင်းမှ ကိုယ်ဝန်ဆောင် မိခင် (၆၄) ဦး၊ ၅ နှစ်အောက် ကလေး ( ၄၂ ) ဦး၊ အသက် ၆၀ နှစ်အထက် ဘိုးဘွား ( ၁၁ ) ဦး မသန်စွမ်းသူ (၃) ဦး စုစုပေါင်း (၁၂၀) ကို အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ထောက်ပံ့ကြေးတစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (သုံးဆယ့်ခြောက်သိန်းတိတိ) ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် တုံ့ပြန်ရေး ကိစ္စများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်၍ ကာကွယ်စောင့်ရှောက်နေသလို အများပြည်သူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးဆက်မှုနှုန်း လျော့နည်းအောင် ဆက်လက် ထိန်းချုပ်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ က Positive Center နှင့် Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူခဲ့သော ထိခိုက်လွယ်အုပ်စုများကို ထောက်ပံ့ငွေပေးအပ်ရာ ကိုယ်ဝန်ဆောင်မိခင် (၃၈) ဦး၏ကိုယ်စား ဒေါ်ရီရီဝင်း က လည်းကောင်း၊ အသက် (၅) နှစ် အောက် ကလေး (၆၂) ဦး၏ ကိုယ်စား မဖူးပွင့်နေခြည် ကလည်းကောင်း၊ အသက် (၆၀) နှစ်အထက် ဘိုးဘွား (၁၉၀) ဦး၏ ကိုယ်စား ဒေါ်ခင်မျို က လည်းကောင်း၊ မသန်စွမ်းသူ (၁) ဦး၏ ကိုယ်စား ဦးဝင်းလှိုင် ကလည်းကောင်း လက်ခံရယူကြသည်။
ယင်းနောက် Positive Center နှင့် Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခဲ့ကြသော ထိခိုက်လွယ်အုပ်စုများကိုယ်စား ဒေါ်ရီရီဝင်းက ကျေးဇူးတင် ပြန်လည်စကားပြောကြားသည်။
ယနေ့ နေပြည်တော်အတွင်းရှိ Positive Center နှင့် Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူခဲ့သော ထိခိုက်လွယ်အုပ်စုများ ထောက်ပံ့ငွေပေးအပ်ရာတွင် အားလုံး စုစုပေါင်း (၂၉၁) ဦးကို တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ငွေကျပ် စုစုပေါင်း (၈၇၃၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်