နေပြည်တော် ၊ အောက်တိုဘာ ၈
နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဖြစ်သော Quarantine Center နှင့် Positive Centerများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုအပ်သောခုတင်များ၊ Oxygen အိုးများနှင့် အခြားဆက်စပ် ပစ္စည်းများကိုကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့သည့် ဌာန/ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က နေပြည်တော် တွင် ဌာန/အဖွဲ့ အစည်းအသီးသီး၏ ပံ့ပိုးကူညီမှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း Volunteer များက စိတ်ဓါတ်၊ စည်းလုံးမှုနှင့် အားလုံးပူးပေါင်းပါဝင် အားထုတ်မှုများဖြင့် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့သဖြင့် ကပ်ရောဂါ အကြပ်အတည်းကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများကို ကျန်းမာရေးညွန်ကြားချက်များနှင့်အညီ သတ်မှတ်အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ကို လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှနေ လိုအပ်သည့် ခုတင်၊ အောက်ဆီဂျင်အိုးနှင့် အခြားဆက်စပ် ပစ္စည်း လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ခဲ့သည့် ဌာန/အဖွဲ့ အစည်းများ၊ တက္ကသိုလ်များ၊ သိပ္ပံကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ အားလုံးကို နေပြည်တော် ကောင်စီအနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အရှိန်အဟုန်မပျက် အားလုံးပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ဂုဏ်ပြုမှတ်တမ်းလွှာများကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး - ၅) တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ တာဝန်ရှိသူများ က လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီ အတွင်းရေးမှူးတို့က အစိုးရနည်းပညာကောလိပ် (နေပြည်တော်)၊ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)၊ သားဖွားသင်တန်းကျောင်း (နေပြည်တော်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)၊ ပညာ့ပန်းတိုင်ကိုယ်ပိုင် အထက်တန်းကျောင်း၊ Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ USM ကိုယ်ပိုင်အထက်တန်းကျောင်း၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း၊ OIAC ကိုယ်ပိုင် အထက်တန်းကျောင်း၊ မန်းရှင် အောက်ဆီဂျင်စက်ရုံ၊ ပညာလွင်ကိုယ်ပိုင် အထက်တန်းကျောင်း၊ ဟိန်းရတနာအောင် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ယွမ်ယွမ် ကုမ္ပဏီတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် တက်ရောက်လာသူများကိုယ်စား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဒေါက်တာ နေမျိုးအောင် ဌာနမှူး(စီမံ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်