နေပြည်တော်၊ အောက်တိုဘာ ၈
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိ ရပ်ကွက်ရှိ ကံ့ကော်ဝန်ထမ်းအိမ်ရာ ရေဆိုးထုတ် မြောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မြက်ချုံများ ရှင်းလင်းခြင်း ဆောင်ရွက်နေမှု၊ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်စေရန် စီစဉ်ဆောင်ရွက်ထားသည့် အမှိုက်ပုံးများ စီစဉ်ထားရှိမှုနှင့် ရာဇဌာနီလမ်းဘေး မင်္ဂလာသိဒ္ဓိပန်းခြံအတွင်း သန့်ရှင်းသာယာလှပမှု လုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယမြို့တော်ဝန်က အိမ်ရာများအတွင်းရှိ ရေနုတ်မြောင်းများတွင် မြက်ချုံများနှင့် အမှိုက်များ ပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် အနံ့ဆိုးများ ထွက်ရှိမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ မင်္ဂလာသိဒ္ဓိပန်းခြံအနီး မြေကွက်လပ်ကို ရပ်ကွက်နေပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် အားကစား အထောက်အကူပစ္စည်းများ စီစဉ်ထားရှိပေးရန်၊ မင်္ဂလာသိဒ္ဓိပန်းခြံအတွင်း အများပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရေး၊ ပန်းခြံအတွင်း အမှိုက်များ စနစ်တကျ သိမ်းဆည်းစေရေးနှင့် လျှောက်လမ်းများ၊ အနားယူ အပန်းဖြေနေရာများကို သန့်ရှင်း သပ်ရပ်၍ သာယာလှပမှုရှိစေရေး ဆောင်ရွက်ပေးရန်နှင့် နှင်းဆီမြိုင် လမ်းအနီးရှိ မင်္ဂလာကန် အမှတ် (၃) တွင် ကန်ရေပြင်သန့်ရှင်းရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်