ရန်ကုန်၊ အောက်တိုဘာ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က သီးနှံကာကွယ်ရေး လုပ်ငန်းသည် သီးနှံလေလွင့် ဆုံးရှုံးမှု လျော့ပါးစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် အရေးပါသော လုပ်ငန်းဖြစ်ကြောင်း၊ အထူးသဖြင့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများ တင်ပို့မှု အရေအတွက် နှင့် တန်ဘိုးများ မြင့်တက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ပဲသီးနှံမှ အမေရိကန် ဒေါ်လာသန်း (2500 ) တန်ဘိုးအထိ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြား နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိနိုင်သော သီးနှံများ တင်ပို့နိုင်ရေးအတွက် တင်သွင်းသည့်နိုင်ငံများနှင့် သဘောတူညီချက်ရရှိရေးနှင့် သီးနှံပို့းမွှားရောဂါ ကင်းရှင်းကြောင်းလက်မှတ် SPS Certificate လက်မှတ်များ ထုတ်ပေးရာတွင် လုပ်ငန်းများ အဆင်ပြေ ချော့မွေ့စေရေး ထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်နေမှုများ လျော့ချနိုင်ရေး လုပ်ငန်းများတွင် အစိုးရနှင့် ပုဂ္ဂလိကတို့က ညှိနှိုင်း ဆွေးနွေးကြစေလိုပါကြောင်း၊ ပြည်ပပို့ကုန်များ၏ စားနပ်ရိက္ခာအန္တရာယ် ဓာတ်ကြွင်းမရှိစေရေး ဈေးကွက်အသစ်များ ရရှိစေရေးနှင့် ဓာတ်ခွဲခန်းများ အရည်အသွေးမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ သီးနှံကာကွယ်ရေးတွင် ပဲမျိုးစုံပို့ကုန်ကဏ္ဍတွင် ဈေးကွက်အသစ်များ ပွင့်လင်းလာပြီး အလားအလာရှိသည့် ပဲတီစိမ်းသီးနှံတွင် ကန့်သတ်ထားသည့် ပိုးသတ်ဆေး ဓာတ်ကြွင်းများ မပါရှိစေရေးအတွက် သတ်မှတ်ခွင့်ပြုထားသည့် သီးသန့်ဇုန်များ တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂလိကနှင့် သီးနှံကာကွယ်ရေးဌာနခွဲတို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း က သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင် ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင် နှင့် မြန်မာနိုင်ငံ ပြောင်းအသင်းအတွင်းရေးမှူး ဦးသန့်ဇင်ထွန်းတို့က ဆန်၊ ပြောင်း၊ ပဲမျိုးစုံနှင့် နှမ်းများ ပြည်ပနိုင်ငံများသို့ တင်ပို့ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားသည်။
ယင်းနောက် အစည်းအဝေးခန်းမအတွင်း ပြသထားသည့် သီးနှံကာကွယ်ရေး ဌာနခွဲက ဆောင်ရွက်ထားရှိမှုများကို ကြည်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးဌာန သီးနှံကာကွယ်ရေးဌာနခွဲ အစည်အဝေးခန်းမ၌ အရာထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆွေးနွေးမှာကြားသည်။ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(ရှေ့ပိုင်းမြို့နယ်)ရှိ Myanmar CP Livestock Chicken & Pork slaughter hose စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရွာသာကြီး ဘက်စုံမွေးမြူရေး စခန်းသို့ရောက်ရှိကြပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်