မောင်တော  အောက်တိုဘာ  ၉

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဦးဆောင်ကြီးကြပ်၍  အောက်တိုဘာ ၇ ရက် က ပန်းခင်းစီမံချက်ဖြင့်  (၄)မိုင်ရပ်ကွက်ရှိပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ် ရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ခဲ့သော (၄)မိုင်ရပ်ကွက်ရှိ လူဦးရေ အမျိုးသား (၂၂) ဦး နှင့် အမျိုးသမီး(၃၁)ဦး  စုစုပေါင်းလူဦးရေ (၅၃)ဦးအား အိမ်ထောင်စုလူဦးရေစာရင်း နှင့်  အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား များပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ ပျက်စီးသူများကို မိတ္တူပြု လုပ်ပေးခြင်းတို့ကို ကျန်ရှိမှု မရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး  ပန်းခင်းစီမံချက် လှုပ်ရှားမှုအဖြစ် စတေကာ နှင့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” လက်ကမ်းစာစောင်တွင်  အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသ/ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်း၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ခြင်း၊ နေထိုင်မှုပုံစံများ အလိုက် ဆောင်ရွက်ပေးရမည့် အမျိုးအစား လေးမျိုး စသည့် အချက်အလက်များ ပါဝင်သည့် လက်ကမ်း စာစောင်များ ဖြစ်ကြောင်းသိရသည်။

 

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)