မြို့သစ် အောက်တိုဘာ ၉

 

မကွေးတိုင်းဒေသကြီး၊    မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (  ၅၆၀ ဒသမ ၅၀ ) ပေဖြစ်ပြီး  လက်ရှိရေမှတ်မှာ (၅၆၁ ဒသမ ၇၀ )ပေရှိသည့်အတွက် ( ၁ ဒသမ  ၂ပေခန့်)ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၄၀) ပေရှိသည့်အတွက် (သုည ဒသမ လေးပေခန့်)ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

 

ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့်ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ ဆည်အောက်ပိုင်းရှိကျေး ရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေး နှိုးဆော်မှု များ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

                                                                                          

ဝင်းအိဇွန် (ပြန်/ဆက်)