သင်္ဃန်းကျွန်း အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိစေရန် ရည်ရွယ်ပြီး ပန်းခင်းစီမံချက်ဖြင့် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ဗိုလ်ကံညွန့်ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀)နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လ.ဝ.ကမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး( ပြန်/ဆက်)


